Inferno (2016)

 Datshin Review: Inferno (2016)

Genre: Action, Adventure, Crime

-Plot-

ပရော်ဖက်ဆာ Robert Langdon (Tom Hanks) ဟာ ခေါင်းမှာဒဏ်ရာနဲ့ ဆေးရုံတစ်ရုံမှာ နိုးထလာတဲ့အခါ Florenceမြို့မှာရောက်နေပြီး ၂ရက်စာ မှတ်ဉာဏ်များပျောက်ဆုံးနေပါတယ်။ မှတ်ဉာဏ်တွေ ပြန်ရဖို့ အချိန်မရခင်မှာတင် ဆေးရုံထဲ ဝင်လာတဲ့ သေနတ်သမားလက်ကနေ ဆရာဝန်မလေး Sienna Brooks (Felicity Jones) ရဲ့ အကူအညီနဲ့ ထွက်ပြေးရင်းကမှ ထပ်ခါထပ်ခါမြင်နေတဲ့ အိမ်မက်လို အမြင်တွေကို အဖြေရှာရင်း ပလိပ်ရောဂါတစ်ခု မပြန့်ပွားမှီ ကာကွယ်ဖို့ ဥရောပအခွင် လျှောက်ပြေးလွှားရပါတယ်။ 

-Review- 

Dan Brown ရဲ့ Inferno စာအုပ်ကို ဒါရိုက်တာ Ron Howard ရိုက်ကူးထားတဲ့ Inferno ဟာ Robert Langdon series ရဲ့ The Last Airbender (2010) ပါပဲ။ မရိုက်ခဲ့ရင် မရှိခဲ့ရင် ပိုကောင်းပါတယ်။

Robert Langdon ကားများရဲ့ ထုံးစံအတိုင်း သမိုင်းကြောင်းနောက်ခံတွေနဲ့ ပဟေဠိတွေနဲ့ ပုစ္ဆာတွေနဲ့ကို လူကြီးလူကောင်းဆန်ဆန် စွန့်စားခန်းတွေနဲ့ ဖြစ်အောင် ရိုက်ထားသော်လည်း ဇာတ်လမ်းတည်ဆောက်တာ မြန်လွန်းပါတယ်။ ဘယ်က ဘာကြောင့် ဘယ်လို ဘာမှန်းမသိရခင် လူဆိုးကိုဖော်ထုတ်ပြီးသွားပါတယ်။ ရှေ့၂ကားနဲ့ယှဉ်မယ်ဆိုရင် ခပ်ပေါပေါ ဥပမာပေးရရင်ဖြင့် The Da Vinci Code နဲ့ Angels and Demons က ကိုယ်ပိုင်ကားနဲ့ road trip သွားတာနဲ့တူပြီး Inferno ကတော့ ဘုရားဖူးကားနဲ့ package tour သွားတာနဲ့ တူပါတယ်။ ဥရောပက သမိုင်းနောက်ခံအားဖြင့် ကြီးကျယ်တဲ့ မြို့တွေ နေရာတွေကို တက်သုတ်ရိုက် အမြန်ပြ နောက်တစ်နေရာကို အမြန်ပြေး… ဘာမှန်းကို မသိလို်က်ရပါဘူး။ အနုပညာပိုင်းသာမက သမိုင်းအရပါ အရေးပါတဲ့ အံ့သြဖွယ် ကြီးကျယ်ခမ်းနားတဲ့ ပန်းချီကားတွေ အဆောက်အအုံတွေကို ပြသမှုတွေနဲ့ ဇာတ်လမ်းနဲ့က တစ်ခုကိုတစ်ခု ဝင်ရှုပ်နေသလိုပါပဲ။ ဘယ်တစ်ခုကိုမှ ကောင်းကောင်းအာရုံစိုက်လို့မရပဲ နှစ်ခုလုံးရဲ့ အရသာကို အားပျော့သွားစေပါတယ်။ နောက်တစ်ခုက ဒါရိုက်တာ Ron Howard အနေနဲ့ Robert Langdon fan များက သူတို့ရဲ့ ပရော်ဖက်ဆာဟာ အရာရာကို အတိအကျမှတ်မိတဲ့ eidetic memory ရှိမှန်းသိပေမယ့် Wikipedia လို Google လို လိုချင်တဲ့အချက်အလက်ကို စက္ကန့်မဆိုင်း ပြန်ခေါ်နိုင်ပြီး ချက်ချင်း ဆန်းစစ်နိုင်တဲ့ထိတော့ မမျှော်လင့်ထားဘူးဆိုတာ မေ့သွားတယ်ထင်ပါတယ်။ သော့တောင်ခတ်မထားတဲ့ လှို့ဝှက်တံခါးတွေကို “စာအုပ်ထဲမှာ ဖတ်ဖူးလို့” ဆိုပြီး ချက်ချင်းရှာတွေ့သွားတာက ပရော်ဖက်ဆာရဲ့ ဇာတ်ကောင်ကို အရမ်းတော်တယ်မထင်ရစေပဲ ရင်ဖိုစိတ်လှုပ်ရှားစေမှုကိုပဲ လျော့ကျသွားစေတယ်လို့ မြင်ပါတယ်။ 

Riddle တွေ ချိတ်ဆက်မှုတွေကို အဓိကထားတဲ့ ဇာတ်လမ်းမှာ တစ်ချို့ဇာတ်ကောင်တွေ ခဏပဲ ပေါ်လာပြီး ဘာဆက်ဖြစ်လဲ မသိရတော့တာ စိတ်ထဲ စနိုးစနှောင့်ဖြစ်ရပါတယ်။ သိပ္ပံ၊ ဆေးပညာနဲ့ ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်အချက်အလက်တွေကို Felicity Jones က အင်္ဂလိပ်လေယူလေသိမ်းလေးနဲ့ ဆွဲဆောင်မှုရှိရှိ ရွတ်ပြသွားပေမယ့် ဇာတ်လမ်းနဲ့ ချိတ်ဆက်ဖို့ လုံလောက်တဲ့ ရှင်းလင်းချက်မပေးတာကြောင့် အဲ့ဒီပညာရပ်တွေနဲ့ မနီးစပ်တဲ့ ကြည့်ရသူအဖို့မှာ နားလည်ချင်ယောင်ဆောင်လိုက်ရပါတယ်။ Langdon ရဲ့ အချစ်ဇာတ်လမ်းကို မလိုအပ်ပဲ ထည့်ထားသလိုခံစားရပြီး Dante ခမျာတော့ မျက်နှာဖုံးတစ်ခုအနေနဲ့သာ ပါဝင်ရပါတယ်။ ဒါ့အပြင်မှာ အငြင်းပွားဖွယ်ရာ ဆေးပညာပိုင်းဆိုင်ရာ အချက်အလက်တွေကလဲ ပါဝင်နေပါသေးတယ်။ 

Inferno ဟာ အက်ရှင်ဇာတ်လမ်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တော့ ခေါင်းဆောင်မင်းသားက အဖိုးကြီးဖြစ်နေပြီး သိပ်မလှုပ်နိုင်တာကလွဲလို့ မဆိုးဘူးပြောရပါမယ်။ Dan Brown ရဲ့ ဝတ္ထုအနေနှင့်သာမက The Da Vinci Code နဲ့ Angels and Demons နဲ့ ဆက်စပ်မယ်ဆိုရင်တော့ စိတ်တိုင်းကျစရာ လုံးဝ မရှိပါဘူး။ မူရင်းစာအုပ်နဲ့တော့ လုံးဝ လုံးဝ မယှဉ်ပါနဲ့။  

Movie Info 

Director: Ron Howard

Top-billed Cast: Tom Hanks, Felicity Jones, Irrfan Khan

Runtime: 2 hour 1 min

Ratings 

Datshin: 0.5/5

IMDb: 6.2/10

Rotten Tomatoes: 19%

-Jen

#Datshin #Datshinreview #Inferno2016

Post a Comment

0 Comments